ကြယ်တာရာကြီးတွေ၊ နေအဖွဲ့အစည်းတွေအားလုံးဟာ တူညီတဲ့ပုံစံတစ်ခုတည်းကနေ မွေးဖွားလာခဲ့ကြပေမယ့် အန္တိမအဆုံးသတ်တွေကတော့ ကွဲပြားလှပါတယ်။ ဒြပ်ထုသေးသေး၊ ထွန်းလင်းတောက်ပမှုနည်းနည်းနဲ့ ဖုသျှနက္ခတ် (Canis Major) က Sirius B လို ကြယ်တွေကနေ အင်မတန်ပြင်းထန်တဲ့ မျက်နှာပြင်အပူချိန်၊ အလင်းထုတ်လွှတ်မှုနဲ့ ဧရာမဒြပ်ထုနဲ့ တည်ရှိနေတဲ့ မောင်ရင်ဆိုင်ထမ်းနက္ခတ် (Orion Belt) က Betelgeure လို ကြယ်ဘီလူးကြီးတွေအထိ မတူကွဲပြားတဲ့ သေဆုံးပုံတွေနဲ့ တည်ရှိနေပါတယ်။

ကြယ်တွေကို ဒြပ်ထု၊ မျက်နှာပြင်အပူချိန်နဲ့ အလင်းထုတ်လွှတ်မှုနှုန်းတွေလို သူတို့ရဲ့ အသွင်လက္ခဏာတွေနဲ့ အမျိုးအစားခွဲလေ့ရှိပါတယ်။ ကြယ်တွေရဲ့ သေဆုံးပုံကလည်း အဲ့ဒီအမျိုးအစားတွေအလိုက် အမျိုးမျိုးကွဲကြပါတယ်။ ဒြပ်ထုအင်မတန်ကြီးမားတဲ့ ဧရာမကြယ်ကြီးတွေဆိုရင် မွေးဖွားပြီးပြီးချင်း နှစ်သန်းအနည်းငယ်အတွင်း စူပါနိုဗာအဖြစ်နဲ့ ပေါက်ကွဲသေဆုံးကြသလို ကြယ်နီပုလို ဒြပ်ထုအားဖြင့် သေးငယ်ပြီး လောင်ကျွမ်းမှုနှုန်း အင်မတန်နည်းပါးတဲ့ ကြယ်တွေဆိုရင်တော့ မွေးဖွားလာချိန်ကနေစလို့ နှစ်ပေါင်း ဘီလျံချီ.. ထရီလီယံချီကြာတဲ့အထိ အချိန်အကြာကြီး တည်ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တွေအကုန်လုံးဟာတော့ မိမိကိုယ်ပိုင်သေဆုံးခြင်းတစ်ခုစီနဲ့ တည်ရှိကြစမြဲပါပဲ။

စူပါနိုဗာပေါက်ကွဲနေပုံ (Image : Space)

ကြယ်တွေကို သူတို့ရဲ့ မျက်နှာပြင်အပူချိန်အပေါ်မူတည်ပြီး O B A F G K M ဆိုတဲ့ မေဂျာ ၇ ခုနဲ့ အမျိုးအစားသတ်မှတ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက် .. အပူဆုံးကနေ အအေးဆုံးဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကြယ်တွေရဲ့ ထွန်းလင်းတောက်ပမှုပမာဏ (Luminosity) အပေါ်မူတည်ပြီး အမျိုးအစား ၉ မျိုး ထပ်ခွဲပါတယ်။ ဂျူပီတာဂြိုဟ်ထက် အဆနည်းနည်းပိုကြီးပြီးတော့ ဗဟိုမှာ fusion အခြေအနေဖြစ်ပေါ်နိုင်တဲ့ ဂြိုဟ်မမည် ကြယ်မမြောက် ကြယ်ညိုပု (Brown Dwarf)၊ ကမ္ဘာလောက်အရွယ်အစားနဲ့ နေရဲ့ဒြပ်ထုတစ်ဝက်လောက်ရှိတဲ့အထိ သိပ်သည်းလွန်းတဲ့ ကြယ်ဖြူပု (White Dwarf)၊ ကြယ်ပုသေး (Sub-dwarf)၊ Yellow dwarf (ကြယ်ဝါပု) နဲ့ red dwarf (ကြယ်နီပု) တို့လို တည်ငြိမ်တဲ့အခြေအနေမှာ ပုံမှန်အတိုင်းအချိန်အကြာကြီး လောင်ကျွမ်းနေနိုင်မယ့် ပင်မအစဉ်အတွင်းက ကြယ်တွေ (Main Sequence Stars)၊ main sequence ထဲက ကြယ်တွေထက် နည်းနည်းပိုလင်းတဲ့ ဧရာမကြယ်သေး (Sub Giant) တွေ၊ မောင်ရင်ဆိုင်ထမ်းနက္ခတ်ထဲက ရိုင်ဂျယ် (Rigel) လို ဧရာမကြယ်ကြီး (Giant)တွေ၊ ခုနက giant တွေထက် ပိုတောက် ပိုလင်းတဲ့ Bright Giant တွေ၊ နေထက် ဒြပ်ထုဆယ်ဆလောက် ပိုများတဲ့ စူပါဧရာမကြယ်ကြီး (Supergaint) တွေ၊ ဒြပ်ထုအားဖြင့်၊ တောက်ပမှုအားဖြင့် အရွယ်အစားအားဖြင့် အရမ်းကြီးမားပြီးတော့ အရှားပါးဆုံး ဟိုက်ပါဧရာမကြယ် (Hypergiant) ကြယ်တွေ စသဖြင့် ကြယ်အမျိုးအစားအသီးသီးရှိပါတယ်။

ကြယ်အမျိုးအစား ခွဲခြားပုံ (Image : Study)

လက်ရှိစကြာဝဠာထဲမှာ တွေ့ရတဲ့ ကြယ်တွေထဲမှာ main sequence ကြယ်တွေက အခြေအနေအားဖြင့် အတည်ငြိမ်ဆုံးနဲ့ နှစ်ပေါင်းကြာရှည်ညောင်းတဲ့အထိ ဆက်လက်တည်ရှိနိုင်တဲ့ ကြယ်တွေဖြစ်ကြတယ်။ ကျွန်တော်တို့ရဲ့ မိခင်ကြယ်ဖြစ်တဲ့ နေဟာလည်း main sequence ကြယ်တွေထဲက ကြယ်တစ်မျိုးဖြစ်တဲ့ ကြယ်ပုဝါဖြစ်ပါတယ်။ ကြယ်တွေလောင်ကျွမ်းနိုင်ရခြင်းရဲ့ အဓိကလောင်စာရင်းမြစ်က ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ်တွေဖြစ်ကြပြီးတော့ ဟိုက်ဒြိုဂျင်တွေက fusion ဓာတ်ပြုမှုဖြစ်ပြီး ဟီလီယမ်ဒြပ်စင်အသစ်ဖြစ်ပေါ်ရင်းကနေ စွမ်းအင်ထွက်ပေါ်တယ်ဆိုတာကို အရင်အပတ်တုန်းက ပိုစ့်မှာ ပြောခဲ့ပြီးပါပြီ။ ကြယ်အများစုမှာ တည်ရှိနေတဲ့ စွမ်းအင်သက်ရောက်မှု အခြေအနေက နှစ်မျိုးရှိပါတယ်။ အဲ့တာက ဟိုးးအတွင်းပိုင်းထဲက fusion energy ကဖြစ်ပေါ်တဲ့ outward pressure (Thermal Pressure) နဲ့ အပြင်ဘက်ကနေ အတွင်းထဲကို သက်ရောက်စေတဲ့ ဒြပ်ဆွဲအားတို့ဖြစ်ကြပါတယ်။ အတွင်းထဲကဖြစ်နေတဲ့ outward pressure အားက အပြင်ကို ထောက်ကန်ပြန့်ကားစေပြီးတော့ အပြင်ဘက်ကလာတဲ့ ဒြပ်ဆွဲဖိအားကတော့ အဲ့ဒီဖိအားနဲ့ဆန့်ကျင်ဘက် အတွင်းထဲကို စုစည်းသိပ်သည်းလာစေတာပါ။ များသောအားဖြင့် နေအပါအဝင် ကြယ်အများစုက သက်ရောက်နေတဲ့ အဲ့ဒီအားနှစ်ခုစလုံးဟာ မျှခြေဖြစ် .. balance ဖြစ်နေတဲ့ အနေအထားမှာ တည်ရှိနေပါတယ်။ တွန်းကန်အားနဲ့ ဆွဲငင်အား မျှခြေဖြစ်နေတဲ့ Hydrostatic Equilibrium state ဖြစ်နေတာပါ။ ဒါပေမဲ့ အချိန်ကာလကြာညောင်းလာတာနဲ့အမျှ ကြယ်တွေဟာ သူတို့ရဲ့လောင်ကျွမ်းမှုတွေကို ထောက်ကူပေးမယ့် ဟိုက်ဒြိုဂျင်လောင်စာပမာဏက တဖြည်းဖြည်းနည်းပါးလာပါတယ်။ ဗဟိုဝတ်ဆံအတွင်းက ဟိုက်ဒြိုဂျင်လောင်စာတွေ ကုန်ခမ်းသွားတဲ့အချိန်မှာ ခုနကမျှခြေဖြစ်နေတဲ့ အနေအထားက တိမ်းစောင်းလာပါတယ်။ အတွင်းထဲကနေ ပေးနေတဲ့ outward pressure ပမာဏမရှိတော့တာကြောင့် အပြင်ဘက်က ဖိသိပ်နေတဲ့ ဒြပ်ဆွဲအားက အနိုင်ရလာပြီးတော့ ကြယ်ရဲ့ဗဟိုဝတ်ဆံကို သိပ်သည်းသထက် သိပ်သည်းလာစေပါတယ်။ အပူချိန်လည်း ပိုမြင့်တက်လာပြီးတော့ အတွင်းထဲမှာ ကျန်ရစ်တဲ့ ဟီလီယမ်တွေကိုပါ fusion ဆက်ဖြစ်လာပါတယ်။ ပုံမှန်အခြေအနေက ပေါ့ပါးတဲ့ ဟိုက်ဒြိုဂျင်ကနေ နည်းနည်းပိုလေးတဲ့ ဒြပ်စင်ဖြစ်တဲ့ ဟီလီယမ်ကို fusion ဖြစ်တာပါ။ ဒါပေမဲ့ မူလလောင်စာရင်းမြစ်ဖြစ်တဲ့ ဟိုက်ဒြိုဂျင်လည်းမကျန်၊ အပူချိန်ကလည်း မြင့်သထက်မြင့်လာတဲ့အခြေအနေမှာ ဟီလီယမ်တွေဟာ ကာဘွန်တွေ၊ အောက်စီဂျင်တွေနဲ့ တခြား ပိုမိုလေးလံတဲ့ ဒြပ်စင်တွေအဖြစ်ကို ဆက်လက် fuse ဖြစ်လာပါတယ်။ ဟီလီယမ်ဒြပ်စင်တွေကို fuse ဖြစ်ပြီး လောင်ကျွမ်းရတဲ့အခြေအနေကို ရောက်လာတဲ့အချိန်မှာ ပိုမိုများပြားတဲ့ စွမ်းအင်ပမာဏထွက်လာပြီး ကြယ်တွေရဲ့ အပြင်လွှာတွေကလည်း အပြင်ဘက်ကို အရှိန်အဟုန်နဲ့ ပြန့်ကားထွက်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေကလည်း နောက်နှစ်ပေါင်း ၄ ဘီလျံအကြာလောက်မှာ ကြယ်ပုဝါအဆင့်ကနေ ဧရာမကြယ်နီကြီး (Red Giant) အဆင့်ကို ရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကျရင် နေရဲ့အရွယ်အစားဟာ အခုလက်ရှိထက် အဆအများကြီး ဖောင်းပွထွက်လာပြီးတော့ အနီးနားက ဂြိုဟ်တွေဖြစ်တဲ့ မာကျူရီ၊ ဗီးနပ်စ်နဲ့ မားစ်အပြင် ကမ္ဘာဂြိုဟ်ကိုပါ ဝါးမြိုသွားမှာပါ။ 

Red Giant ကြယ် (Image : Space)

နေအပါအဝင် red giant အဖြစ်ကို ရောက်လာမယ့် ကြယ်တွေရဲ့ အပြင်လွှာတွေဟာ ပြန့်ကားမှု အချိန်ကြာလာတာနဲ့အမျှ ဒြပ်ဆွဲအားသက်ရောက်မှု လျော့နည်းလာပြီး စကြာဝဠာထဲကို လွတ်ထွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ အရွယ်အစားအားဖြင့် အဆပေါင်းအများကြီး ပိုသေးငယ်တဲ့ ကြယ်ဖြူပု တစ်နည်း လောင်ကျွမ်းတောက်လောင်မှုတွေိ ချုပ်ငြိမ်းပြီး တိတ်တဆိတ်အဆုံးသတ်သွားတဲ့ ကြယ်တစ်စင်းအဖြစ်ကို ရောက်ရှိသွားပါပြီ။ ကြယ်ရဲ့ ဒြပ်ထုထဲက တစ်ဝက်လောက်ဟာ ခုနကလွတ်ထွက်သွားတဲ့ အပြင်ခွံအလွှာထဲမှာ ပါသွားပြီး အဲ့ဒီဒြပ်မှုန်အလွှာတွေဟာ ဓာတ်ငွေ့ဖုန်မှုန့် Planetary Neblua အစုအဝေးအဖြစ် တည်ရှိနေမှာပါ။ ပတ်ပတ်လည်က Planetary Nebula ထုရဲ့ ဗဟိုမှာတော့ ကမ္ဘာနဲ့ တူညီတဲ့အရွယ်အစားရှိတဲ့ အဖြူရောင်ကြယ်ပုလေးပဲ ကျန်ပါတော့တယ်။ အဲ့ဒီကြယ်ဖြူပုကလေးဟာ အရွယ်အစားအားဖြင့် အဆအများကြီး သေးငယ်သွားပေမယ့် မူလကြယ်ရဲ့ ဒြပ်ထု တစ်ဝက်နီးပါးကျန်ရှိနေတာဖြစ်လို့  အရွယ်အစားနဲ့ယှဉ်ရင် အင်မတန့်အင်မတန်သိပ်သည်းသလို အပူချိန်ကလည်း နေထက် အဆ လေးဆယ်လောက် ပိုပူပါတယ်။ စကြာဝဠာထဲမှာရှိတဲ့ ကြယ်အားလုံးရဲ့ ၉၇ ရာခိုင်နှုန်းခန့်ဟာ ကြယ်ဖြူပုအဖြစ်နဲ့ ဘဝကိုနိဂုံးချုပ်ကြရပါတယ်။ ကြယ်ဖြူပုတွေဟာ နှစ်ပေါင်းဘီလျံချီ ထရီလီယံချီတဲ့အထိ အကြာကြီးတည်ရှိနေနိုင်ပြီးတော့ အချိန်တစ်ခုရောက်လို့ အတွင်းထဲက အပူချိန်တွေ ကျဆင်းသွားတဲ့အခါ ကြယ်ပုမည်း (Black Dwarf) အဖြစ်ကို ပြောင်းပြီး အပြီးတိုင်ပျောက်ကွယ်သွားကြပါတယ်။ စကြာဝဠာစတင်ဖြစ်တည်တဲ့အချိန်က နှစ်ပေါင်း ၁၃.၈ ဘီလျံပဲရှိသေးတာကြောင့် လက်ရှိအချိန်မှာရှိတဲ့ ကြယ်ဖြူပုတွေက ကြယ်ပုမည်းအဖြစ်ကို ပြောင်းလဲသွားဖို့ အချိန်ကာလအားဖြင့် အလွန်ဝေးကွာလွန်းပါသေးတယ်။


White Dwarf (Image : Space)

ကျွန်တော်တို့နေရဲ့ ဒြပ်ထုထက် ၁၀ ဆကနေ ၂၅ ဆ လောက် ပိုမိုများပြားတဲ့ ကြယ်တွေကတော့ မတူညီတဲ့ သေဆုံးပုံနဲ့ ကြုံတွေ့ရပါတယ်။ အဲ့ဒီလို ဒြပ်ထုအားဖြင့် ကြီးမားတဲ့ ကြယ်ကြီးတွေမှာတော့ ဆက်လက်လောင်ကျွမ်းစရာ ဟိုက်ဒြိုဂျင်ကုန်ခမ်းသွားတဲ့အခါ ဟီလီယမ်တွေကို ဆက်လက်မီးပြင်းတိုက်တယ်၊ အဲ့ကနေမှ ပိုပိုလေးလံတဲ့ ဒြပ်စင်တွေကို ဝတ်ဆံထဲမှာ ဆက်လက်ထုတ်လုပ်ပါတယ်၊ တဖြည်းဖြည်းနဲ့ အဲ့ဒီကြယ်ကြီးတွေဟာ စွမ်းအင်ပမာဏတော်တော်များလာပြီး အရွယ်အစားကလည်း ပိုမိုကြီးသထက် ကြီးလာပါတယ်။ တချို့ဆိုရင် ကျွန်တော်တို့နေထက် အဆ ၁၀၀၀ ကျော် ပိုမိုကြီးမားတဲ့အထိကိုရောက်ရှိသွားပါတယ်။ ဒြပ်စင်ဓာတ်ပြုမှုတွေကလည်း ဆက်တိုက်ဖြစ်ပေါ်နေပြီး အိုင်းရွန်း fusion အဆင့်ရောက်တဲ့အထိကို ဆက်လက်တောက်လောင်နေပါတယ်။ ကြယ်ရဲ့ ဝတ်ဆံဟာ အိုင်းရွန်းတွေနဲ့ စုပုံလာပြီဆိုရင်တော့ ဆက်လက် fuse လုပ်စရာမကျန်တော့ပါဘူး။ အဲ့ဒီအခါ အတွင်းထဲက တွန်းကန်အားကို ပြင်ပ ဒြပ်ဆွဲအားက တဖြည်းဖြည်း ဆွဲငင်ရင်း အက်တမ်တွေရဲ့ နျူးကလီးယပ်စ်အချင်းချင်း ထိတွေ့တော့မယ့်အခြေအနေအထိ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျုံ့ဝင်သွားမှာဖြစ်ပါတယ်။ မူလက ဒြပ်ထုအားဖြင့် အင်မတန်ကြီးမားတဲ့ ကြယ်တစ်စင်းဟာ နဂိုထက် အဆသိန်းသောင်းကျော်ပိုသေးငယ်သွားမှာဖြစ်ပြီး အတွင်းထဲက ဝတ်ဆံက ကျုံ့ဝင်ပြိုကျသွားမှာပါ။ နျူးကလီးယပ်စ်အချင်းချင်း ထိတွေ့လုမတတ် ဖြစ်တဲ့အခြေအနေကိုရောက်ရင်တော့ အတွင်းထဲက စွမ်းအင်တွေဟာ အပြင်ဘက်ကို ပြန်လည်တွန်းကန်လျှံထွက်လာတဲ့အခါ အလွန်ပြင်းထန်တဲ့ shock wave ကြီးတွေ ဖြစ်လာပြီး စူပါနိုဗာအဖြစ်နဲ့ ပေါက်ကွဲထွက်သွားပါတယ်။ အဲ့ဒီပေါက်ကွဲမှုကထွက်လာတဲ့ ရောင်စဉ်လှိုင်းတွေဟာ အလွန်တောက်ပတာကြောင့် ဂလက်စီတစ်ခုလုံးကိုတောင် လင်းလက်တောက်ပသွားနိုင်ပါတယ်။ ပေါက်ကွဲမှုကြီးအပြီးမှာတော့ မြို့တစ်မြို့စာလောက် အကျယ်အဝန်းသာရှိတော့တဲ့ နျူထရွန်ကြယ်သေတွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ နျူထရွန်ကြယ်တွေဟာ အင်မတန်သိပ်သည်းတဲ့ ဒြပ်ထုကိုပိုင်ဆိုင်ထားပြီး တချို့နျူထရွန်ကြယ်တွေဆိုရင် ကျွန်တော်တို့နေထက်တောင် ပိုမိုသိပ်သည်းပါတယ်။ 

နေထက် အဆ ၃၀ လောက် ပိုမိုကြီးမားတဲ့ ဒြပ်ထုပိုင်ရှင်ကြယ်ကြီးတွေမှာဆိုရင်တော့ အဲ့ဒီကြယ်ကြီးတွေရဲ့ ဒြပ်ဆွဲစက်ကွင်းကို လွန်ဆန်နိုင်တဲ့ အခြေအနေမရှိတော့ဘဲ ကြယ်ရဲ့ဝတ်ဆံကအစ ကျုံ့ဝင်ပြိုပျက်ကုန်ပြီး တွင်းနက်တစ်ခုအနေနဲ့ ဆက်လက်တည်ရှိနေမှာပါ။ အဲ့ဒီတွင်းနက်တွေဟာ ဒြပ်ဆွဲမှုအား အရမ်းပြင်းထန်တာဖြစ်လို့ အလင်းတောင်မှ လွတ်မြောက်နိုင်ခြင်းမရှိပါဘူး။ ကြယ်တာရာကြီးတွေရဲ့ သင်္ချိုင်းမှာတည်ရှိနေတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ၊ ဓာတ်ငွေ့တိမ်တိုက်အစုအဝေးတွေက အချိန်တစ်ခုရောက်တဲ့အခါ စကြာဝဠာထဲ ဆက်လက်ခရီးနှင်သွားပြီး နောက်တစ်ချိန် သူတို့အချင်းချင်းထပ်စုမိ၊ ပေါင်းမိတဲ့အခါ နောက်ထပ် ကြယ်ကြီးတွေကို ထပ်မံမွေးဖွားစေပြန်ပါတယ်။ ဒါကြောင့် စကြာဝဠာထဲကဒြပ်စင်တွေ၊ ကမ္ဘာကြီးမှာ ပါဝင်နေတဲ့ ဒြပ်စင်တွေ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ဒြပ်စင်တွေဟာ ကြယ်သေဆုံးမှုတွေက လွင့်လာတဲ့ အကြွင်းအကျန်အမှုန်အမွှားတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့လူသားတွေဟာလည်း စကြာဝဠာထဲက ဓာတ်ငွေ့အမှုန်အမွှားသာသာပါပဲ။ 

(ကြယ်တွေမွေးဖွားတဲ့အကြောင်း ဒီကဖတ်ပါ။)

Source - NASA, ESA, ScienceWorld, CosmosKnowledge, Space. com, BBC

Image - Freepik
Written by - Zwe Thukha Min
Edited by - Fact Hub Editor Team

𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

#Fact_Hub #How_do_stars_die #Cosmoslogy #Stars #White_Dwarf _Neutron_Star #Black_Hole #Science #Article